Saturday, January 19, 2013

သေချာတယ်…ကိုယ်တို့ လိုအပ်နေတာ အချစ်မဟုတ်ဘူး

တစ်ဥတုပြီးတစ်ဥတုရှည်လျားလွန်းလှတဲ့ ကာလကြီးထဲ
ရာသီတွေမှားခဲ့ကြတယ်ဆိုရုံနဲ့ စိတ်တွေကို လွှတ်ကျောင်းလိုက်လို့
ဘယ်ဖြစ်ပါ့မလဲ…ဒဏ်ရာမဆန်တဲ့ ယုံကြည်ချက်ဆိုတာ မရှိဘူး

ကျောက်သားကျောက်စိုင်လိုမျိုး မာကြောချင်လှတဲ့ လက်တွေကို
ဖြေထုတ်ထားလိုက်ပါလား…ညည့်သန်းခေါင်ယံ…မတိတ်ချင်လဲ တိတ်ရမယ့်အခါ
မြေစမ်းခရမ်းပျိုးထားတဲ့ ငါတို့ရဲ့ သိက္ခာတွေကို သွေးတွေလို ဖောက်ချပစ်လိုက်လို့
ရနေတာပဲဥစ္စာ…ဘာကမှ ဘာမှမဟုတ်ဘူး…မြင်မြင်ရာအားလုံးရဲ့ တရားခံဟာ မျက်လုံးပဲ

စိတ်ကူးယဉ်ပြီး ယင်းသွားတဲ့ အနာမျိုးကို အဆုံးစီရင်ပစ်ခြင်းနဲ့ ကုပစ်မှရတယ်
သိမ်မွေ့ဖို့ပဲဖြစ်ဖြစ် …သူလိုကိုယ်လိုမှားနေကြတာပဲဖြစ်ဖြစ် …သိပ်မထူးဘူးမဟုတ်လား
အနှစ်သာရဆိုတာ အမြဲတမ်းအသစ်ကိုတောင့်တတယ်…ဘယ်လိုပုံစံတွေမှာပဲဖြစ်ဖြစ်
ပျော့ပျော့ပြောင်းပြောင်း ရှင်သန်ချင်ကြမှာပဲ…သေချာတယ်…ကိုယ့်ရဲ့ အဓိပ္ပါယ်ဖွင့်ချက်အရ
အချစ်ပဲဖြစ်ဖြစ် မေတ္တာပဲဖြစ်ဖြစ် လိင်ဆက်ဆံခြင်း\စီးကရက်ဖွါခြင်းလောက် အရသာရှိမှာမဟုတ်ဘူး

ခံစားမှုတွေကို ကွေ့ဝိုက်နေတာကလွဲရင် မင်းကို တခြားအရာတွေထက်စာရင် ပိုတောင့်တတာပေါ့…ဒါပေမယ့်
တစ်နေ့ပြီးတစ်နေ့ သံချေးလိုစွန်းထင်းနစ်ဝင်နေမှုတွေထဲ မင်းကငါ့ကိုချစ်လှပါချည်ရဲ့ ဆိုတော့ရော ဒီအချစ်ကို
ငါက ဘာလုပ်ရမှာလဲ…ဒီအချစ်ကို ဘယ်နေရာမှာ ထားရမှာလဲ…ငါ့ကိုယ်ငါ အတ္တကြီးလွန်းသွားတာပဲဖြစ်ဖြစ်
သေချာတာက တိုင်းပြည်အလင်းမပွင့်သလိုပဲ ဘာဆိုဘာမှ မမြင်ရတဲ့ ဘ၀တွေက အများကြီးပဲ…တကယ်တမ်း
တစ်ယောက်နဲ့တစ်ယောက် ကျောချင်းမှီထားမိကျမှ ကြောက်စရာကောင်းတာတွေကို ပိုမြင်မိကြမှာ…အဲ့ဒီ့မှာ
ပြောပြောနေတဲ့ အချစ်ကို ဘယ်မှာသွားရှာမလဲ…ထပ်ပြီးသေချာတယ်…ကိုယ်တို့လိုအပ်နေတာ အချစ်မဟုတ်ဘူး

ငါတို့တွေရဲ့ တည်ရှိဖြစ်တည်နေခြင်းတွေဟာ အချစ်ဆိုတဲ့အရာထက် ကျော်လွန်ခမ်းနားတာ သေချာတယ်
မီးစဆန်တဲ့ အနမ်းကိုက မယုံကြည်ရင်မဖြစ်တဲ့သာယာမှုပဲ…လူ့အဖွဲ့အစည်းတစ်ခုလုံးကို ငြင်းဆန်ပစ်လိုက်လို့ရတယ်
လူသားဆန်ဝါဒကိုတော့ ဘယ်သူ့မှ ငြင်းဆန်လို့ရမှာမဟုတ်ဘူး…အကြောင်းတစ်ခုခုကြောင့်ပဲဖြစ်ဖြစ် ငါတို့ဟာ လူဆန်တယ်
သူ၏ ငါ၏ ဆိုတာတွေထဲက သွားတိုက်ခြင်း…ခေါင်းဖီးခြင်း…လိင်ဆက်ဆံခြင်း …တွေဟာ ပြီးပြည့်စုံတဲ့ အမှန်တရားတစ်ခုပဲ

“ကိုယ်ဒဏ်ရာတွေကို မလိုချင်ဘူး…ဒါပေမယ့် မဖြစ်မနေ တစ်ခုခုကို ယုံကြည်ရမယ်ဆိုရင်တော့ ဒဏ်ရာဆိုတာ ရှိလာမှာပဲ
အများကြီးမပြောဖြစ်ကြရင်တောင် မုသားမဟုတ်တာ ပိုကောင်းတာပေါ့…ကိုယ်လုံးပေါ်မှန်ထက် မျက်စီတွေက ပိုအရေးပါတယ် ရယ်ချင်စရာဆိုလို့ ယဉ်ကျေးမှုအမွေအနှစ်ဆက်လက်ထိန်းသိမ်းရေးဆိုတဲ့စကားလုံးကလွဲလို့ ကိုယ်တို့ကြားမှာ ဘာကျန်ဦးမလဲ
စိတ်ကူးတချို့က လူ့အဖွဲ့အစည်းကို ဘောင်ခတ်ပစ်လိုက်ကြတယ်…ဘာပဲဖြစ်ဖြစ် ရင်ဖုံးအိင်္ကျီနဲ့ မင်းက ကြည့်လို့ကောင်းတယ်
ဒါပေမယ့် အခန်းတစ်ခုခုထဲ ရောက်နေကြရင်တော့ မင်းရဲ့ ရင်ဖုံးအိင်္ကျီဟာ မင်းအတွက် စိတ်အနှောင့်အယှက်ဖြစ်ရမှာ မလွဲပဲ”

သေချာတယ်…ကိုယ်တို့လိုအပ်နေတာ အချစ်မဟုတ်ဘူး
                                                          ရွှေ ကြယ် မိုး

Sunday, January 13, 2013

ဒါဗင်စီရယ်…ကျွန်တော်ရယ်…ဘုရားသခင်ရယ် နောက်ဆုံးညစာကို သုံးဆောင်ကြပြီးနောက်

ဒဏ်ရာဆန်ဆန်လက်ချောင်းတွေကြားက မယုံကြည်နိုင်မှု အထိအတွေ့…
အကုန်အစင်ချပြချင်သော ပထမံတပ်သားတစ်ယောက်ရဲ့ ချောက်ကပ်ကပ်ရယ်သံ
ခပ်ရဲရဲညှိထားတဲ့ဆေးလိပ်မီးပြင်းပြင်းအောက် မိုးထက်မြင့်တဲ့အတွေးတွေ ကြယ်လိုကြွေကျ
ဆောက်တည်ရာမဲ့…ဝေဒနာကို ထမင်းသိုးဟင်းသိုးလို အော်ဂလီဆန်စွာ မြိုမြိုချနေရ
လူတစ်ယောက်ရဲ့ စိတ်ကူးစိတ်သန်းဆိုတာ ရှေ့တန်းဆန်ဆန်နေရာတွေရောက်တိုင်း
ပျောက်ပျောက်သွားလေ့ရှိတာပေါ့…မမြင်ကွယ်ရာတွေကြား…တိတ်ဆိတ်သွားခဲ့ပြီးဖြစ်သော
အသက်ရှုသံ…အရာအားလုံးကို နားလည်မှုရှိပေးစေချင်တယ်…သစ္စာကို ငြင်းဆန်တတ်သူဟာ
ဘယ်တော့မှ နောက်ကျောဒဏ်ရာ ပြင်းပြင်းမရဘူး…လိင်စိတ်ထဲက ထွက်ကျလာတဲ့ ရေစီးမှာ
ကျွန်တော်တို့…ခင်ဗျားတို့အားလုံးရဲ့ယုံကြည်ရာတွေ ပက်လက်မျောသွားတယ်…ရှိရှိသမျှ နွမ်းသွားတယ်
ခနခနထုံကျဉ်နေလေ့ရှိတဲ့ မောက်(စ်)တစ်လုံးလည်း ရှိတော့မှာမဟုတ်ဘူး…ဝေးသွားကြပြီ
ပထမခြေလှမ်းတွေ လက်တွဲညီခဲ့ကြသလောက် ညောင်ညိုပင်နားရောက်လေ ဖျော့တော့သွားလေ
သံသရာလမ်းဟာမချောမွေ့တတ်တော့ ရင်ဆိုင်ရန်ခွန်အားဖြည့်မိငယ်ရေ…ကို ဆိုရင်းဆိုရင်း တိတ်ဆိတ်သွား
ကျေးလက်ထဲက လူခြေတိတ်ချိန်အပါအ၀င်…ခြေရာလေးနှင့် ဖိနပ်တစ်ရန်သာ ကျန်ရစ်ခဲ့သော ရေကန်
နေရောင်တွေဖြာကျလာလိုက်…လရောင်တွေလာဆော့ကစားလိုက် ကျွန်တော်တို့ရဲ့ မြစ်မင်းနှင့်တကွ
ခရီးဖော်များ…ဘယ်ခရီးနီးသလဲမေးရင်း ရလာတဲ့အဖြေမှာ ရေပြင်ညီမျဉ်းတွေ အစိတ်စိတ်ကွဲသွားတယ်
ကျွန်တော့်ဆိုလိုမှုဟာ ထမင်းတစ်လုပ်ဖြစ်တယ်…ပျော်ရွှင်မှုတစ်ခုဖြစ်တယ်…တပ်မက်မှုတစ်ခုဖြစ်တယ်
တကယ့်တကယ်မှာ စိတ်လိုလက်ရ အမှားတွေဖြစ်ဖြစ်လာလိုက်ကြတာ…အရမ်းလှပတယ်ဆိုတဲ့
မျက်နှာကလည်း ထမင်းတစ်လုပ်ဖြစ်လာမှာမဟုတ်ဘူး…၀ရုန်းသုန်းကားအသံတွေ ဆူပူလှုပ်ရှား
ထရမ်းပက်ဆန်ဆန်ဂီတသံ…ဒီညစာဟာ ငါတို့တွေရဲ့ နောက်ဆုံးအစားအစာစားခြင်းသောက်ခြင်းပဲ
အကုန်လုံးဆုံးခန်းတိုင်ခဲ့ပြီ…နောက်ဆုံးစာမျက်နှာတွေပေါ်မှာ မှင်တစ်စက်ကအစ သွေးစတစ်မှုန်အဆုံး
တန်ဖိုးရှိတယ်…အစတည်းကပြောဖို့မေ့ခဲ့တာက တန်ဖိုးထားစံပုံစံသတ်မှတ်မှုတွေကို ဖြည်ချခဲ့ဖို့…
အထိအတွေ့…သာယာပျော်ရွှင်မှုကလွဲလို့ ငြင်းဆန်သင့်တာမှန်သမျှ ငြင်းဆန်ပစ်လိုက်တာ ကောင်းတယ်
ခဏလေးပါ…အားလုံးအတွက်…ကြေကွဲစရာတွေနဲ့ တက်လိုက်ကျလိုက် ဒီရေဆန်ဆန် အစိုင်အခဲများထဲ
ဘုရားသခင်ရဲ့ ကျမ်းဂန်လာပုံပြင်တွေ ဟောင်းနွမ်းသွားတယ်…၀င်ရိုးစွန်းတန်းက စွပ်ဖားလှည်းတွေကစလို့
နောက်ဆုံးပေါ်ဆေးထိုးအပ်တွေထိ အရာရာသစ်ဆန်းခဲ့…ပုံပြင်တွေက အတိတ်ခေတ်မှာပဲနေခဲ့တာ ခက်တယ်
နောက်ဆုံးမှာတော့ ဘုရားသခင်က သူကိုယ်တိုင် ပျောက်ကွယ်ရတော့မယ်မှန်း ကျကျနနသိသွားတော့တယ် ဒါပေမယ့်…ဘုရားသခင်ကိုယ်တိုင် နောက်ကျခဲ့တာ မဟုတ်လား…ဒါဗင်စီက ဒါတွေအတွက် ပန်းချီတစ်ချပ်ဆွဲမယ်တဲ့
ကမ္ဘာမြေပြင်ပေါ်မှာ နှစ်ဆယ့်လေးပေါင်ရှိတဲ့ ပစ္စည်းဟာ အာကာသထဲရောက်ရင် လေးပေါင်သာသာပဲ ရှိတော့တာကို
ဘုရားသခင်နားလည်သွားမလားမသိဘူး…ကျွန်တော်ကိုယ်တိုင် ရုပ်ဝထ္ထုတွေထဲ နစ်ဝင်သွားတော့မှာ ဖြစ်တဲ့အတွက်
ကျွန်တော်ကိုယ်တိုင် နားမလည်ခဲ့တာတွေများကြောင်း…ကျွန်တော်နားလည်ခဲ့တာတွေကလည်း အမှန်တရားမဟုတ်ကြောင်း
အမှန်တရားဆိုတာ လူတစ်ယောက်စီတွင် တစ်မျိုးစီရှိကြောင်း…ကမ္ဘာဦးကျမ်းကိုပြန်လည်ပြင်ဆင်သင့်ကြောင်း
ဘုရားသခင်ကိုယ်တိုင် အမှန်တရားမဖြစ်နိုင်တော့ကြောင်း…မပြောနိုင်ခင် ကျွန်တော် ခေါင်းငိုက်ကျသွားတယ်
ဒါဗင်စီကိုယ်တိုင် ဒီပန်းချီကားကို အဆုံးသတ်ခွင့်ရမှာမဟုတ်ဘူး…သူဖန်တီးလိုက်တဲ့ မိုနာလီဇာက သူ့ကိုသတ်သွားတယ်
                                                                                                                      ရွှေ ကြယ် မိုး

Friday, December 28, 2012

ထေရ၀ါဒဗုဒ္ဓဘာသာနှင့် ဖြစ်တည်မှုပဓာန၀ါဒ (Early Buddhism and Sartre’s Existentialism) ကို လေ့လာရန် ချဉ်းကပ်ခြင်း


ကာလသမနိရှည်ကြာခဲ့ပြီး လာလှည့်၊ ကျင့်သုံးလျည့်ဟု စိန်ခေါ် အစမ်းသပ်ခံနိုင်သော ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် ယနေ့ခေတ် စာပေသဘောတရား၊ လူ့ဘ၀၊ ဒဿနလောကတို့ကိုပါ ကိုင်လှုပ်ထားသော ဖြစ်တည်မှုပဓာန၀ါဒ (Existentialism) တို့ကို နှိုင်းယှဉ်လေ့လာ တရားကိုယ်ရှာရန်မှာ များစွာလက်တွန့်ဖွယ်ရာဖြစ်ပါသည်။ အနောက်တိုင်းတက္ကသိုလ်များတွင် စတင်လေ့လာသုံးသပ်ကာ ကျမ်းကြီးကျမ်းခိုင်များပင် ပေါ်ထွက်လာသည်ကို တွေ့နေရပါသည်။ ယခုဆောင်းပါး (ပို့စ်) မှာ ယင်းဝါဒကြီးနှစ်ရပ် နှိုင်းယှဉ် လေ့လာရေးကို ချဉ်းကပ်နည်းအား မိတ်ဆက်ပေးရန်ဖြစ်ပါသည်။
ဖြစ်တည်မှုပဓာန၀ါဒနှင့် ဗုဒ္ဓ၀ါဒတို့ကို နှိုင်းယှဉ်လေ့လာပါက ချဉ်းကပ်လေ့လာနည်း အနည်းဆုံးသုံးခုရှိသည်။
(၁) ဗုဒ္ဓ၀ါဒနှင့်ဖြစ်တည်မှုဝါဒတို့၏ အခြေခံသဘောအယူ (Basic Concept) များကို နှိုင်းယှဉ်လေ့လာခြင်း။
(၂) ဖြစ်တည်မှုဝါဒီ တွေးခေါ်ပညာရှင်တစ်ဦးဦး၏ အခြေခံသဘောအယူနှင့် ဗုဒ္ဓ၀ါဒ၏ အခြေခံသဘောအယူတို့ကို နှိုင်းယှဉ်လေ့လာခြင်း။
(၃) ဖြစ်တည်မှုပဓာနရှုထောင့်မှ ဗုဒ္ဓ၀ါဒကို တင်ပြခြင်း တို့ ဖြစ်သည်။

ဒုတိယချဉ်းကပ်နည်းဖြင့် လေ့လာမည်ဆိုလျှင် ပြင်သစ် ဖြစ်တည်မှုပဓာန၀ါဒီ ယန်းပေါဆာ့တ် (Jean-Paul Sartre) ၏ အတ္တမဲ့ (Non-Egology) အယူအဆနှင့် ဗုဒ္ဓ၀ါဒ၏ အနတ္တ (Selflessness) အယူအဆတို့ကို နှိုင်းယှဉ်လေ့လာနိုင်သည်။ (ဆာ့တ်၏ Non-Egology ကို `အနတ္တ´ဟု မြန်မာဆရာအချို့က အနက်ပေးသည်။ ဗုဒ္ဓ၀ါဒ၏ အနတ္တ၀ါဒနှင့် ရောထွေးမည်စိုး၍ ကျွန်ုပ်က `အတ္တမဲ့´ဟု အနက်ပေးထားပါသည်။) ‘အရှိတရားနှင့် မရှိတရား´ (Being and Nothingness) တွင် ဆာ့တ်က ဖြစ်တည်မှု ပဓာန၀ါဒကို ဒဿနတစ်ရပ်အဖြစ်တင်ပြထားသည်။ Critique of Dialectical Reason ကျမ်းတွင်မူ ဖြစ်တည်မှုပဓာန၀ါဒကို `အဖြည့်အိုင်ဒီယိုလိုဂျီ´ (A Subordinate Ideology) တစ်ရပ်အဖြစ်သာ ဖော်ပြခဲ့သည်။ ယင်းစာအုပ်ထွက်ပြီးနောက်ပိုင်းတွင် ယန်းပေါလ်ဆာ့တ်က သူ့ကိုယ်သူ မာ့က်စ်ဝါဒီဆိုသည်ထက် ဖြစ်တည်မှုပဓာန၀ါဒီတစ်ဦးအဖြစ် ဖော်ပြသည်ကို ပိုနှစ်သက်ကြောင်းပြောဖူးသည်။ ဗုဒ္ဓ၀ါဒဂိုဏ်းကွဲများအနက် ဗုဒ္ဓ၏ဒေသနာအာဘော်နှင့် အနီးစပ်ဆုံးမှာ ထေရ၀ါးဂိုဏ်း၏ အယူဖြစ်သည်။
နှိုင်းယှဉ်လေ့လာမှုတွင် အခြေခံအကျဆုံး အဖြေနှစ်ရပ်ကို ရှာရပါမည်။
(၁) ဆာ့တ်နှင့် ဗုဒ္ဓ၀ါဒီတို့ပယ်သော အတ္တ္တဆိုင်ရာအယူအဆများနှင့်
(၂) ဆာ့တ်နှင့် ဗုဒ္ဓ၀ါဒီတို့လက်ခံထားသော အတ္တမဲ့ခြင်းနှင့် အနတ္တ၀ါဒတို့ဖြစ်သည်။ `နှိုင်းယှဉ်လေ့လာမှုမပြုမီ ကိုယ်ဘာကို နှိုင်းယှဉ်လေ့လာမည်ကို အနုစိတ်သိရမည်´ဟု သိပ္ပံပညာရှင် မက်စ်မူလာက ပြောဖူးသည်။
နှိုင်းယှဉ်လေ့လာမူဒဿန (Comparative) ဆိုသည်မှာ မတူခြားနားသော ယဉ်ကျေးမှု ဓလေ့နှစ်ခု၏ ဒဿနအကောက်အယူများကို ယှဉ်ထိုးသုံးသပ်ခြင်းဟု အဓိပ္ပာယ်ဖွင့်နိုင်သည်။ နှစ်ဆယ်ရာစုတွင်ခေတ်စားလာသော နှိုင်းယှဉ်လေ့လာမှုဒဿန၏ သက်တမ်းမှာ နုနယ်ပါသေးသည်။ ၁၉၂၃ တွင် ပီမက်ဆန် ကွာဆယ် (P. Masson Qursel) ၏ ပြင်သစ်ဘာသာဖြင့်ရေးသော La Philosophie Comparée စာအုပ်ထွက်ပေါ်လာမှ အနောက်တိုင်းတွင် `နှိုင်းယှဉ်လေ့လာမှု ဒဿန´ဟူသော စကားလုံးစတင်လာခြင်းဖြစ်သည်။ အင်္ဂလိပ်ဘာသာပြန်သည် ၁၉၆၂ တွင် `နှိုင်းယှဉ်လေ့လာမှု ဒဿနဆိုသည်မှာ´(Comparative Philosophy?) ဟူသော အမည်ဖြင့် ထွက်လာသည်။
နှိုင်းယှဉ်လေ့လာမှုဒဿနသည် ဘာသာရပ်အသစ်သဖွယ်ဖြစ်သည်နှင့်အညီ ရည်ရွယ်ချက်နှင့် နည်းလမ်းကိုလည်း တညီတညွတ်တည်း ချမှတ်နိုင်ခြင်း မရှိသေးပေ။ နှိုင်းယှဉ်လေ့လာမှုဒဿနကို မူရင်းဒဿနဆိုင်ရာ (Primarily Philosophical) နှင့် ဒုတိယအဆင့် သမိုင်းဆိုင်ရာ (Secondarily Historical) ဟူ၍လည်း ချဉ်းကပ်နိုင်သည်။ ခြားနားသောယဉ်ကျေးမှုနှစ်ခုမှ ဒဿနအယူနှစ်ခုကို သမိုင်းရှုထောင့်မှ ဆန်းစစ်ခြင်းဖြင့် သမိုင်းဆိုင်ရာ ဒဿနအတွက် တူညီသောယဉ်ကျေးမှု အခြေခံအချက်များကို ရှာဖွေနိုင်မည်ဖြစ်သည်။ နှိုင်းယှဉ်လေ့လာမှုဒဿနသည် သမိုင်းဆိုင်ရာစူးစမ်းမှုကို ကန့်သတ်ထားမည် မဟုတ်ပေ။ ဂျပန်ဗုဒ္ဓစာပေပညာရှင် ဒီတီ စူဇူကီးက ဒဿနများကို နှိုင်းယှဉ်လေ့လာမှုသည် အတွေးအခေါ်ကို ပိုမိုကျယ်ပြန့်စေရန်နှင့် အမှန်တရားအတွက် အတွင်းကျကျ ပိုမို ထိုးထွင်းနိုင်ရန် ဆောင်ကြဉ်းသင့်သည်ဟု ဆိုခဲ့သည်။
နှိုင်းယှဉ်လေ့လာမှုဒဿနသည် အယူအဆများ၏ တူညီချက်များပေါ်၌သာမက ကွဲပြားချက်များအပေါ်၌ပါ အာရုံထားရမည်ဖြစ်သည်။ နှိုင်းယှဉ်လေ့လာမှုအရ ဒဿနကွဲပြားချက်သည် တူညီချက်များနည်းတူ စိတ်ဝင်စားဖွယ်ကောင်းသည်။ ယင်းအချက်များက ကိုအရင်းတည်ထားသော ဒဿနအယူကို ပြန်လည်အကဲဖြတ်ရာ၊ ဝေဖန်ရာတွင် အသုံးဝင်လှသည်။ နှိုင်းယှဉ်လေ့လာမှုဒဿနပညာရှင်သည် ကွဲပြားသော ယဉ်ကျေးမှုများတွင် အမြစ်တည်သည့် ဒဿနများ၊ ကွဲပြားသောဘာသာစကားများနှင့် စခန်းသွားရပေမည်။ အချက်နှစ်ချက်ဖြစ်သော ယဉ်ကျေးမှုဓလေ့များ (Culture) နှင့် ဘာသာစကားများ (Languages) တို့သည် နှိုင်းယှဉ်လေ့လာမှု ဒဿနပညာရှင်အတွက် အခက်အခဲရှိစေနိုင်သည်။
ဒဿနသည် သူ့ဖာသာသူ သီးခြားတည်ရှိနေသည်မဟုတ်။ ယဉ်ကျေးမှုဓလေ့နောက်ခံရှိသည်။ ဒဿနသည် လူ့ယဉ်ကျေးမှုရှိ အကြောင်းချင်းရာတို့နှင့် ကင်းလွတ်၍ သီးခြားမဖွံ့ဖြိုးနိုင်။ အမှန်စင်စစ်တွင် ဒဿနသည် ဒဿနဆိုင်ရာပြင်ပအကြောင်းတရားများဖြစ်သော စီးပွားရေးနိုင်ငံရေး၊ လူမှုရေး၊ နိုင်ငံရေး အခြေအနေ၊ ဘာသာရေး၊ သိပ္ပံပညာတို့၏ အကျိုးသက်ရောက်ရာမှ ဖြစ်ထွန်းလာသော ဘာသာရပ်ဖြစ်သည်။ အိန္ဒိယမှဒဿနများသည် အိန္ဒိယဘာသာရေးများနှင့် အရင်းကျကျဆက်စပ်နေသည်။ ဥာဏ်သစ်လောင်းခေတ် (Renaissance) နောက်ပိုင်း အနောက်တိုင်းဒဿနသည် သိပ္ပံပညာ၏ သြဇာလွှမ်းမိုးမှုခံရသည်။
မတူသော ယဉ်ကျေးမှုနောက်ခံကို မလေ့လာဘဲ အခြားယဉ်ကျေးမှုတစ်ခု၏ ဒဿနအယူကို နားလည်သည်ဟုဆိုရာတွင်လည်း များစွာသံသယဖြစ်ဖွယ်ရှိသည်။ ထို့ကြောင့် နှိုင်းယှဉ်လေ့လာမှုပြုမည့် ဒဿနပညာရှင်သည် ယဉ်ကျေးမှုနှစ်ရပ်စလုံးကို ကျေညက်ဖို့လိုလေသည်။
mm thinker

ကျောက်ဖြစ် လူသား

လူဟာ ကျောက်တုံးမဟုတ် …

အ၀ိညာဏက ကျောက်တုံးမှာ
သေဆုံး, မွေးဖွားခြင်း မရှိ …
လွမ်းဆွတ်, မျှော်လင့်ခြင်းမရှိ…
သူ့အနာဂတ်အတွက် …
ဘာတာဝန်မှ မရှိ…။

လူမှာ ဘ၀ရှိတယ်။
မွေးဖွား သေဆုံးရတယ်။
လွမ်းဆွတ် မျှော်လင့်တတ်တယ်။



ဒါကြောင့် လူဟာ ...
ကျောက်တစ်တုံးလို ငြိမ်သက်နေလို့မရ
သူ့ဘ၀ကို ပုံဖော်ဖို့ ဗျာပါရတစ်ပုံတစ်ပင်နဲ့
မှန်းဆ ကြည့်ရတာလည်း ရှိတယ်။
တမ်းတမိတာတွေလည်း ရှိတယ်။
လွမ်းရမိတာတွေလည်း ရှိတယ်။

တစ်ခါတစ်လေတော့…
ဗျာပါရတွေကို ကျော်လွှားဖို့၊
အတိတ်တွေကို မေ့ဖျောက်
မိုးခါးရေတွေသောက်ပြီး
ပျောက်နေတဲ့ အနာဂတ်တွေနဲ့အတူ
ဆုတ်ထားတဲ့လက်သီးတွေကို ဖြေလျော့
ထမင်းတစ်လုပ်အတွက်
သီချင်းတစ်ပုဒ်အတွက်
… အတွက်ပေါင်း များစွာထဲမှာ မျောပါရင်း
ကျောက်တစ်တုံးဟန် ဆောင်ထားတတ်ကြတယ်။
                                                                         ဧရာ

(ဖြစ်တည်မှုဝါဒီ ဆာ့တ်၏ Inauthentic Man ကို ရေးဖွဲ့ ကြည့်ခြင်းဖြစ်ပါသည်။)

ဒဏ်ခတ်ခံလွတ်လပ်မှု (မောင်ကြည်သစ်)

”မိန်းမပျိုတစ်ဦးသည် မိမိအား စိတ်ဝင်စားချဉ်းကပ်နေသူ အမျိုးသားတစ်ဦးနှင့်အပြင်ထွက်၍လည် ပတ်ကြ၏။ သူမအနေဖြင့် ထိုသူ၏ ရည်ရွက်ချက်ကိုအသေအချာရိပ်စား မိ၏။ မကြာမတင်ကာလတွင် သူ့ အပေါ်တစ်ခုခု တိတိကျကျဆုံးဖြတ် ရတော့မည်ကိုလည်းသိထား၏။ ထို စဉ်. . .ယောက်ျားပျိုက မိမိ၏လက် ကိုဆုပ်ကိုင်ပြီး ပွတ်သပ်ချော့မြူလာ ၏။ မိမိဘယ်လိုဆုံးဖြတ်၍ ဘာလုပ် ရမည်နည်း။ မိမိ၏လက်ကို ဆက် လက်ဆုပ်ကိုင်ထားခွင့်ပြုရမည်လား။ သို့တည်းမဟုတ် မိမိလက်ကို ရုန်း ကန်၍ ရုပ်လိုက်ရမည်လား။ သူ ပွတ်သပ်ချော့မြူနေသည်ကို ဆက် လက်ခွင့်ပြုထားလျင်အခွင့်အရေးပေး လွန်းရာကျသွားမည်။ မိမိလက်ကို ရုပ်လိုက်လျင် သူနှင့်မိမိတို့၏ ဆက် ဆံရေးသည် ဤနေရာတွင်ပင် တစ် ခန်းရပ်သွားနိုင်သည်။ ဘာလုပ်ရ မည်နည်း။
ပြတ်ပြတ်သားသား တစ် ခုခုဆုံးဖြတ်လုပ်ဆောင်ရတော့မည်။ သို့သော် သူမသည် စိုးရိမ်သောက ၀င်လာပြီး အဆုံးဖြတ်ရခက်နေ၏။ နောက်ဆုံးတွင် မိန်းမပျိုသည် ဘာမျ မဆုံးဖြတ်တော့ဘဲ မိမိလက်အား မိမိ နှင့်ဘာမျမပတ်သက်သည့် သက်မဲ့ အသိမဲ့ပစ္စည်းတစ်ခုသဖွယ်သဘော ထားလိုက်ပြီး မိမိကိုယ်ကို မိမိလိမ် လည်လှည့်ဖြားလိုက်တော့သည်။
(Jean-Paul Sartre, ‘Being and Nothingness’, 1943)
စာပေနိုဗယ်ဆုကို ငြင်းဆိုခဲ့သူ ခေတ်ပြိုင်ပြင်သစ်ဒဿနပညာရှင် စာရေးဆရာ ယန်းပေါ့ဆာ့တ်၏ အတွေးအခေါ်တွင် အဓိကဝေါဟာရ ပုဒ် (Term) တစ်ခုဖြစ်သည့် ‘မရိုးသားမှု’ (Bad Faith) ကို ဖော်ဆောင် ထားသော စာပိုဒ်ဖြစ်ပါသည်။
ဆာ့တ်အလိုအရ ‘မရိုးသားမှု’ ဟူသည် မိမိကိုယ်မိမိပြန်၍ လိမ်လည်လှည့်ဖျားခြင်း (Self-deception)  ဖြစ်၏။ လိမ်လည်သူလည်းမိမိ၊ လိမ် လည်ခံရသူမှာလည်း မိမိသာဖြစ်နေသော ဆိုးရွားသည့်မှားယွင်းမှုအနေ အထားဖြစ်သည်။ လူသားတို့သည် ထိုအနေအထားသို့ မကြာခဏ ဆိုသလိုရောက်ရှိသွားကြပြီး လွတ်လပ်မှုရှိသော ဖန်တီးရှင်လူ စစ်စစ် ဘ၀မှအပြုခံ ပြဋ္ဌာန်းခံအရာဝတ္ထု ဘ၀သို့ကျရောက်သက်ဆင်းသွားလေ့ ရှိသည်ဟု ဆာ့တ်က ဆိုပါသည်။
အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။
ယန်းပေါ့ဆာ့တ်သည် ခေတ် ပြိုင်နှစ်ဆယ်ရာစုအနောက်တိုင်း ဒဿနအပေါ်လွှမ်းမိုးနိုင်ခဲ့ပြီး ယနေ့တိုင် အောင်ရိုက် ခတ်နေဆဲဖြစ်သော ဖြစ်တည်မှုဝါဒီ (Existentialist) တစ်ဦးဖြစ်ပါသည်။ သူ၏ဒဿနကို အတိုဆုံးပြောပါဟုဆိုလျင် ‘လွတ် လပ်မှုဒဿန’ (The philosophy of freedom) ဟုဆိုရပေမည်။ ပုဂ္ဂလ လူသား ၏လွတ်လပ်မှုကို ဗဟိုပြု ထားသော ဒဿနဖြစ်ပေသည်။
ဆာ့တ်အလိုအရ လူသားနှင့် အ ခြားသောအရာများတို့အကြား အဓိ ကကွာဟချက်တစ်ရပ်မှာ လွတ်လပ် မှုရှိခြင်းနှင့်မရှိခြင်းတို့ဖြစ်၏။ လူ သားသည် ပင်ကိုယ်သဘာဝအား ဖြင့် လွတ်လပ်မှုရှိသောသတ္တ၀ါဖြစ် ၏။ လူမှတစ်ပါးတခြားသောအရာ များသည် လွတ်လပ်မှုကင်းသောပြ ဋ္ဌာန်းခံများဖြစ်ကြ၏။ လူသည် မိမိ ၏လုပ် ဆောင်ချက်များကိုလွတ်လွတ် လပ်လပ်ရွေးချယ်နိုင်၏။ ဆုံးဖြတ် နိုင်၏။ မိမိဘ၀ကိုမိမိလွတ်လပ်စွာ ဖန်တီးတည် ဆောက်နိုင်၏။ အခြား သောအရာများကား ဆုံးဖြတ်ခံပြီး သောအရာများဖြစ်၏။ မိမိအဖြစ်ကို မိမိဖာသာ ကိုယ်ပိုင် ဖန်တီးတည် ဆောက်မှုမပြုနိုင်ကြ။ ဖြစ်သည့်အ တိုင်းလည်စင်းခံရသော ပြဋ္ဌာန်းခံ များဖြစ်၏။ ဤလောက၌ လူသာ လျင် မိမိ၏အနာဂတ်ဖြစ်နိုင်ခြေများ ဆီသို့ အစဉ်မပြတ်ကူးပြောင်းဖြစ် တည်စေရန် ဖန်တီးလုပ်ဆောင်နိုင်၏။
ထို့ကြောင့် ဆာ့တ်က ”လူသား၏ လွတ်လပ်မှုကိုလူသား၏ဘ၀မှဖယ် ခွာ၍မရ။ ယင်းသည် လူဘ၀၏ အ စိတ်အပိုင်းမဟုတ်။ ဘ၀တစ်ခုလုံး ပင်ဖြစ်သည်။ လွတ်လပ်မှုသည် ဘ ၀၏ဖြစ်နိုင်ခြေများဆီသို့ ရှေးရှုဦး ဆောင်နေ သောဘ၀၏ရှေ့ပြေးလမ်း ပြဖြစ်၏” ဟုဆိုခဲ့သည်။
သို့သော် ထိုလွတ်လပ်မှုသည် သာယာငြိမ့်ညောင်းသော ဂီတသံမ ဟုတ်ချေ။ ပူပင်သောကဝေဒနာများ ပြည့်လျမ်းနေသောအရာသာဖြစ်ချေ သည်။ လူသား၏လွတ်လပ်မှုသည် ‘ဒဏ်ခတ်ခံလွတ်လပ်မှု’ သာဖြစ်၏။I am condemned to be free ဆာ့တ်က သတိပေးခဲ့သည်။
လူသည် မိမိအပြုအမူလုပ် ဆောင်ချက်များ၏ အစုအစည်းဖြစ် သည်။ (man is totality of his actions)။ လူသည် မိမိဘ၀ကို တည် ဆောက်ရာတွင်အပြုအမူလုပ်ဆောင် ချက်များဖြင့်သာ ဖန်တီးရ၏။ ဤ သို့ဖန်တီးလုပ်ဆောင်ရာတွင်လူသား သည် လွတ်လပ်စွာရွေးချယ်လုပ် ဆောင်ပိုင်ခွင့်ရှိ၏။ ထို့ကြောင့် မိမိ လုပ်ဆောင်သမျအတွက် မိမိတွင် တာဝန် (Responsibility) ရှိ၏။ ကောင်းကောင်းဆိုးဆိုးလုပ်သမျကို တာဝန်ယူကြရမည်သာဖြစ်၏။
သို့သော် လူသားသည် မိမိ၏ ပြုမူလုပ်ဆောင်ချက်များမှထွက်ပေါ် လာသော ကောင်းသောရလဒ်များ များကိုကျေနပ်စွာခံယူနိုင်ကြသော် လည်း ဆိုးသော ရလဒ်များကိုမူ လက်မခံလိုကြ။ အတတ်နိုင်ဆုံး တိမ်းရှောင်လိုကြသည်။ ထို့ပြင် မိမိ ဆုံးဖြတ်ချက်လုပ်ဆောင်သမျသည် ရလဒ်ကောင်းများချည်းထွက်ပေါ် လာမည်ဟူ၍ အာမခံချက်လည်း လူ့ဘ၀တွင်မရှိ။ ထိုအခါ မိမိရွေးချယ် ဆုံးဖြတ်လုပ်ဆောင်ချက်တို့နှင့်ပတ် သက်ပြီး ပူပန်သောက ဝေဒနာခံစား ကြရ၏။ စိတ်မချမ်းမြေ့ဖြစ်ရ၏။ စစ်မှန်သောလူဖြစ်လျင် ယင်းပူပင် သောက ဝေဒနာ ခံစားမှုဒဏ်ကို ခံနိုင် ကြရမည်သာဖြစ်သည်။ သို့ဖြစ်၍ လည်း ဆာ့တ်ကလူသား ၏လွတ်လပ် မှုကို ‘ဒဏ်ခတ် ခံလွတ်လပ်မှု’ဟုဆို ခဲ့ခြင်းဖြစ်၏။ သို့ရာတွင် လူသား တိုင်းသည် လွတ်လပ်မှု၏ဒဏ်ကိုမခံနိုင်ကြ။
ကိုယ့်ကိုယ်ကို ကိုယ်တိုင်ပြန်၍ လိမ်လည်လှည့်ဖြားသော ‘မရိုးသား သူ’ သည် အခြားသူများအား လိမ် လည်လှည့် ဖြားရန် ၀န်မလေးပေ။ လောက၌ လိမ်လည်လှည့်ဖြားမှု အလုံးစုံသည် Bad Faith မှ ပေါက်ဖွား လာခြင်းဖြစ်ပေသည်။
ဤဒဿန ဆောင်းပါးမှာ ယခုတစ်ပတ် ထုတ် ၀ီကလီအီလဲဗင်းဂျာနယ်မှ ကူးယူဖေါ်ပြပါသည်။ထိုဆောင်းပါးမှာ မောင်ကြည်သစ် ၏ ဒဿန အလင်းနှင့် ဖြစ်တည်မှုပဓါန
ဝါဒ (၁၉၉၇)စာအုပ် တွင်လည်းဖေါ်ပြခဲ့ပြီးဖြစ်သည်။

အိတ်ဇစ်သမားတစ်ယောက်ကို ပန်ဒိုရာက ရည်ရွယ်ရေးဖွဲ့ထားတဲ့ ကဗျာဖြစ်ပါတယ်။

အနှစ် ၂၀ အကြာ ကဗျာဆရာ

ခင်ဗျားရဲ့ကဗျာတွေဟာ
ကဗျာမဆန်တော့ဘူး သိရဲ့လား။

ခင်ဗျားက သစ်ရွက်လှုပ်တာမြင်ရင်
တစ်ရွက်လှုပ်ရင် တစ်ခက်လုံးနာကြ
သစ်ပင်ရဲ့ဒေါသအား မုန်တိုင်းကို ၀ပ်တွားစေမယ်လို့ ကြုံးဝါးမယ်။

ခင်ဗျားက သစ်ရွက်လှုပ်တာမြင်ရင်
အနောက်တောင်လေမိုက် ဆောင်းမှာတိုက်လို့
ရာသီဥတု ငိုက်စိုက်ကျစပြုပြီလို့ မှတ်ချက်ချမယ်။

ခင်ဗျားက သစ်ရွက်လှုပ်တာမြင်ရင်
ရေမြေမမှန် မျိုးမသန်လို့
အချိန်မတန်ခင် ကြွေလုလု ရွက်ပျိုနုတွေရယ်လို့
အံကြိတ်ကာ ခေါင်းယမ်းမယ်။

ခင်ဗျားက သစ်ရွက်လှုပ်တာမြင်ရင်
နေရောင်ခြည် နမ်းသွားတဲ့ အစိမ်းရောင်တန်း
ငှက်ငယ်ခြေရာ ဖြတ်သန်းတယ်လို့ ရေရွတ်မယ်။

ခင်ဗျားက သစ်ရွက်လှုပ်တာမြင်ရင်
လေတိုက်လို့သစ်ရွက်လှုပ်တာလား
သစ်ရွက်တွေလှုပ်လို့လေတိုက်တာလားလို့
ရှေ့နောက်ဖြစ်စဉ်သဘော ကန့်လန့်တိုက် စောကြောမယ်။

ခင်ဗျားက သစ်ရွက်လှုပ်တာမြင်ရင်
ရာသီဗီဇ လေရူးခလို့ယိမ်းယိုင်ကြတာ
သဘာဝပါလေလို့ မတုန်မလှုပ်ပြောမယ်။

သစ်ရွက်လှုပ်ခြင်းက ခင်ဗျားကို အပြစ်ကင်းစွာ မရယ်မောစေတော့
ခင်ဗျားဟာ လွန်ခဲ့တဲ့အနှစ်၂၀ ကခင်ဗျား မဟုတ်တော့ဘူး
ခင်ဗျားကဒီစနစ်ကြီးကို ပြောင်းလဲဖို့ကြိုးစားနေတုန်းမှာ
ဒီခေတ်ကြီးကခင်ဗျားကို တော်တော်ပြောင်းလဲလိုက်ပြီပဲ။

ခင်ဗျားက အကြမ်းဖက်သမား
ခင်ဗျားက ပတ်ဝန်းကျင် ထိန်းသိမ်းသူ
ခင်ဗျားက နိုင်ငံရေး အကဲဖြတ်
ခင်ဗျားက အင်ပရက်စ်ရှင်နစ်
ခင်ဗျားက ဖြစ်တည်မှုဝါဒီ
ခင်ဗျားက ဘုရားမဲ့။

ခင်ဗျားရေးတဲ့ ကဗျာတစ်ပိုဒ်တိုင်းက
မျက်နှာကိုဖြတ်ဖြတ်ရိုက်နေလို့။ ။


ပန်ဒိုရာ


ကြည့်ရတာတော့ ဆရာမ ပန်ဒိုရာက ပြဿနာရှိနေပုံပါပဲ

Illusory self ရဲ့ ထုံကျဉ်နေတဲ့အသိတရားတွေကို အချစ်လို့ ခေါင်းစဉ်တပ်ခဲ့ကြတာ



ရောင်စုံဆန်ဆန် အသိတရားတစ်ခုတည်းမှာ ကျကျကွဲလေ့ရှိတာက ငါတို့
တစ်လောကလုံး …တစ်ယောက်နဲ့တစ်ယောက် အော်ဟစ်ခေါ်ဝေါ်သံတွေ
မွန်းကြပ်ဖိစီးနေတဲ့ စိတ်တွေထဲ အစားပြန်မရခြင်းများ…ငါမှ ငါများစွာသို့တိုင်
ထာဝရမရှိတော့တာလား…ဘီးလှိမ့်ဝင်လာတဲ့ရထားက အရိပ်ဟာ သေရာပါ
အာရုံမှားမှုအပေါ် အခြေခံထားတဲ့ အတ္တတွေကို လေ့လာရကောင်းမှန်းသိခဲ့
တစ်ဖက်စီဝေးသထက် ဝေးဝေးလာ…အကောင်းဆုံးဖြစ်အောင် သိမှုတွေကပဲ
ဒီအချိန်မှာ ငါတို့ကို နစ်မွန်းသွားစေခဲ့…အပ်ကလေးတစ်ချောင်းက စလို့
ဟိုး…မြူစိုင်မြူခဲတွေထိ ငါတို့ ချန်လှပ်ထားခဲ့နိုင်ရင်ကောင်းမှာ…
ရက်စက်လွန်းတဲ့ လူ့အဖွဲ့အစည်းမှာ…ခေါင်းရော ပန်းရောဟာ သေဒဏ်ပဲ
စက်ရုပ်တွေကို နေရာပေးလိုက်ကြရတယ်…သီချင်းတွေက အသက်မ၀င်တော့ဘူး
ကိန်းဂဏန်းတစ်ခုအရ သူရဲကောင်းဖြစ်သူဟာ ကျန်ကိန်းဂဏန်းတွေရဲ့ ရန်သူပဲ
မရမှန်းသိနေခဲ့တဲ့ ငါတို့ရဲ့လက်ဖြန့်ခြင်းတွေ…တစ်နေ၀င် တစ်နေထွက်…မောပန်းလို့
မုတ်သုန်လေဟာ ဆက်လက်၍ အားကောင်းနေပြီး ငါတို့ဟာ လေနှင်ရာ ရွေ့လျားမျောပါ
မဟုတ်ဘူးလို့ မငြင်းဆန်နိုင်တာက တစ်ကြောင်း…ဒါကိုဘယ်လို အဓိပ္ပါယ်သတ်မှတ်ရပါ့
နေ့ရော ညပါ တောင့်ခံထားခဲ့တဲ့ သစ္စာဆိုတာ မဖြစ်နိုင်တော့တဲ့ ၀န်ထုပ်ဝန်ပိုးမှန်းနားလည်မိ
စည်းဝိုင်းအပြင်ဘက်ကို ယုံကြည်ခြင်း\မယုံကြည်ခြင်း…ဘယ်အရာကိုမှ တိတိပပ မပြောနိုင်
အသေချာဆုံးလို့ထင်ရတဲ့ ကိုယ့်ကိုယ်ကို ပြန်ပြန်ရှုနေတဲ့ အသက်တွေတောင် တငွေ့ငွေနဲ့
မေ့မေ့လျော့လျော့ဖြစ်သွားကြတာ…မျက်စိရှေ့မှာတင် မှတ်မှတ်ရရကို ပျောက်ကွယ်သွားတာ…
ချောင်းဆိုးသံများ…နှလုံးသားကို မပြုမပြင်ပဲ အသစ်မလုပ်နိုင်တော့…သွေးပါချင်လာတဲ့ သလိပ်ဖတ်
စီးကရက်အခိုးအငွေ့တွေ …လာရတာလွယ်သလောက် အပြန်မျက်နှာပန်းမလှကြ…ငါတို့
တစ်ခါတစ်ခါမှာ လူသေတစ်ယောက် ဒါမှမဟုတ် သေလူတစ်ယောက်လို ခံစားနေရ
စိတ်တွေနွမ်းနယ် …အဲ့ဒီ့အချိန်ရောက်လာရင် ငါ့ဆံပင်တွေက သိပ်ကိုရှည်လျားနေတော့မှာ
ဦးနှောက်ရဲ့ central canal တစ်လျှောက် အကြေကြေ အမွမွ …မီးလိုအရိပ်များ ခယ
ဒါတွေဟာ ခပ်မှုန်မှုန်လေးနဲ့ အထင်ရှားဆုံးဖြစ်နေတဲ့ ပန်းချီကားတွေ…မငြင်းနဲ့
တစ်ခါတစ်ခါမှာ ခပ်ဟဟရယ်လိုက်ခြင်းတွေက ဒဏ်ရာကို ပိုမိုနာကျည်းလာစေပြီး
နင်ကိုယ်တိုင်က ငါ့ရဲ့ အဲ့ဒီ့လိုရယ်မောခြင်းတွေကို နာနာကျင်ကျင်သွေးပျက်နေတော့တာ
Pons တစ်ခုလုံး ဘာကိုမှ သယ်ယူနိုင်ခြင်း မရှိတော့…ပိတ်ဆို့မှောင်မိုက်…bye bye
စိတ်ကူးထဲမှာ ဓါတ်ပုံတွေ ရှိတယ်…ရိုက်ထုတ်နိုင်မယ့် စက်တစ်လုံးပေါ်လာတဲ့အခါကျမှ
အခုလိုေ၀၀ါးခြင်းတွေ သဲကွဲသွားမယ်…အခြေအနေအကြောင်းကြောင်းကြောင့်အရ
လက်ရှိတလျှောက်လုံး…ငါတို့ ကိုးကွယ်လာကြတဲ့ တလျှောက်လုံး ၀ိုးတိုးဝါးတားဖြစ်
မသိစိတ်နဲ့ သိစိတ်တွေ မသိမသာ စပ်ယှက်…အားလုံးလိုလို မှားယွင်းခဲ့ကြမိတာ…။             
                                                                             ရွှေ ကြယ် မိုး
Illusory self = အာရုံမှားမှုအပေါ် အခြေခံထားတဲ့ အတ္တ
Central canal = ဦးနှောက်ဗဟိုပြွန်လမ်းကြောင်း
Pons = ဦးနှောက်ဆုံ